အခန်းကြီး(၁၄)
၁ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်၊ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလတို့သည်၊ ၂သောဒုံမင်းကြီး ဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီး ရှိနပ်၊ ဇေဘိုင် မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်း ရှိသတည်း။ ၃ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။ ၄တဆယ် နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။ ၅တဆယ်လေးနှစ်မြောက် လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ့်မြို့၌၊ ရေဖိမ် လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူများကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊ ၆စိရတောင်ပေါ်မှာ ဟောရိလူများ ကို၎င်း လုပ်ကြံ၍၊ တောနားမှာ ရှိသောဧလပါရန်မြို့ တိုင်အောင် လိုက်ကြ၏။ ၇တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည် ရှိသမျှကို၎င်း၊ ဟာဇဇုန္တာမာမြို့၌ နေသောအာမောရိလူများကို၎င်း လုပ်ကြံကြ၏။ ၈ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီး တို့သည် ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။ ၉ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါတို့ သည်စစ်ပြိုင်ကြ၏။ ၁ဝစိဒ္ဒိမ်ချိုင့်၌ ရေညိ‡အကျိအချွဲနှင့် ပြည့်သောတွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့ သည်ပြေး၍ ထိုတွင်းများ၌ ကျသေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ ၁၁အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကိုယူ၍ သွားကြ၏။ ၁၂သောဒုံမြို့၌ နေသော အာဗြံအစ်ကိုသား လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
၁၃ထိုဘေးမှလွတ်၍ ပြေးသောသူတယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိဿဟာယဖွဲ့သောသူ၊ ဧရှကောလ နှင့်အာနေရ၏ အစ်ကိုအာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ရောက်၍၊ သိတင်းကြားပြော လေ၏။ ၁၄အာဗြံသည် မိမိအစ်ကိုသားကိုဘမ်းသွားကြောင်းကို ကြားလျှင်၊ မိမိအိမ်၌ ဘွား၍သွန်သင်သော လူသုံးရာ တဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့တိုင်အောင် လိုက်လေ၏။ ၁၅ညဥ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင် လိုက်ပြန်လေ၏။ ၁၆ရန်သူတို့ သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများနှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
၁၇ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံ မင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။ ၁၈အမြင့်ဆုံး သော ဘုရားသခင် ၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ၁၉ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသောဟု၊ အာဗြံအားကောင်းကြီးပေး၍၊ ၂ဝသင်၏ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအားဆယ်ဘို့တဘို့ လှူလေ၏။
၂၁သောဒုံမင်းကြီးကလည်း၊ လူတို့ကိုကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံ အား ပြောလိုလျှင်၊ ၂၂-၂၄အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်းထား၍၊ မင်းကြီး၏ ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ၊ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရား ရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကို ချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။