အခန်းကြီး(၁၇)
၁ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော် မူ၍၊ ငါသည်အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍စုံလင်ခြင်း ရှိလော့။ ၂ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ ၃အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊ ၄ငါပြု သော ပဋိညာဉ်သည်သင်၌ ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ ၅နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟု ခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုး တို့၏ အဘအရာ၌ခန့်ထားပြီ။ ၆ငါသည်သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကိုဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ် ရကြလိမ့်မည်။ ၇ငါသည်သင်၏ ဘုရား၊ သင့်နောက်၌သင့်အမျိုးအနွှယ်၏ ဘုရား ဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွှယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ ၈သင်သည် ယခုဧည့်သည် ဖြစ်၍ နေသောပြည်တည်းဟူသော၊ ခါနာန်ပြည် တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏ အမျိုးအနွှယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
၉တဖန် ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွှယ် အစဉ် အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကိုစောင့်ရှောက် ရကြမည်။ ၁ဝသင်နှင့်တကွသင့်နောက်၌ သင်၏အမျိုး အနွှယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ၁၁အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။ ၁၂သင်တို့အမျိုး အစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ ဘွားသော သူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ၁၃ကိုယ်အိမ်၌ဘွားသောသူ၊ ကိုယ်ငွေနှင့် ဝယ်သောသူသည်၊ အရေဖျားလှီး မင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏ အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ ၁၄အရေဖျားမလှီး၊ အရေဖျားလှီမင်္ဂလာကို မခံသောသား ယောက်ျားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု၊ အာဗြဟံအားမိန့်တော်မူ၏။
၁၅တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည် ဖြင့်ခေါ်ရ၏။ ၁၆သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွှယ်၌လည်း၊ အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရ ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။ ၁၇ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက်၊ အသက်တရာရှိသော သူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံး ထဲမှာအောက်မေ့ပြီးလျှင်၊ ၁၈ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သော အခါ၊ ၁၉ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည် ဖြင့် မှည့်ရမည်။ သူ၌၄င်း၊ သူ့နောက်မှ သူ၏ အမျိုးအနွှယ်၌၄င်း၊ ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ ၂ဝဣရှမေလအမှု၌ကား၊ သင်၏ စကားကို ငါနားထောင်၏။ သူ့ကိုငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွါးစေ၍ သူ့ကိုအလွှန်များပြား စေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှါ လည်း ငါပြုမည်။ ၂၁သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊ ၂၂မိန့်မြွက်တော်မူသံငြိမ်း၍၊ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။
၂၃အာဗြဟံသည်လည်း၊ သားဣရှမေလ မှစ၍၊ ကိုယ်အိမ်၌ ဘွားသောသူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့် ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင်မိန့်တော်မူသည် အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ ၂၄အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။ ၂၅သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကိုခံသောအခါ၊ အသက် တဆယ်သုံးနှစ်ရှိ၏။ ၂၆တနေ့ခြင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။ ၂၇သူ၏ အိမ်၌ ဘွားသောသူ၊ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ၊ သူ၏အိမ်နှင့် ဆိုင်သောယောက်ျား အပေါင်း တို့သည်၊ သူနှင့်အတူအရေဖျားလှီး မင်္ဂလာကိုခံကြလေ၏။