ကမ္ဘာဦးကျမ်း(၁၃)

အခန်းကြီး(၁၃)
            အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။ ထိုအခါ အာဗြံသည် သိုး၊ နွား စသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။ တဖန် တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့ စပ်ကြား၌၊ အထက်ကတဲကိုဆောင်၍၊ ယဇ်ပလ္လင်ကို တည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ အာဗြဟံနှင့် လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။ အာဗြံနွားကျောင်းသား၊ လောတ၏ နွားကျောင်းသား တို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါနှင့်သင်၌၄င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၄င်း၊ ခိုက်ရန်မရှိပါစေနှင့်။ မြေတပြင်လုံးသည် သင့်ရှေ့မှာ ရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည် ဟု ဆို၏။ ၁ဝထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို  ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင် အရပ်ရပ်၌ နေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း၊ အဲဂုတ္တု ပြည်ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊ ၁၁ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့်တဦး ကွဲပြားကြ၏။ ၁၂အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင် မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ ၁၃သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊  အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
            ၁၄လောတသည် အာဗြံနှင့် ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက် သို့မြော်ကြည့်လော့။ ၁၅သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။ ၁၆သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည် မြေမှုန်ကို ရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြ လိမ့်မည်။ ၁၇သင်ထ၍ မြေကိုအလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အားငါပေး မည်ဟု မိန့်တော်မူ၏။ ၁၈တဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။