အခန်းကြီး(၉)
၁ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဘွားလျက် မြေကြီးကို ပြည့်စေကြလော့။ ၂မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက် အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်း သဘော ရှိရကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ ၃အသက်ရှင်၍ လှုပ်ရှားတတ်သမျှ သည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့ စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ ၄သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။ ၅အကယ်၍ သင်တို့အသက် တည်း ဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ ၆အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။ ၇သင်တို့သည် သားကိုဘွား၍ များပြားကြလော့။ မြေကြီးပေါ်မှာ အလွန်မွေးဘွား၍ များပြား ကြလော့ဟု မိန့်တော်မူ၏။
၈တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူသည်ကား၊ ၉သင်တို့နှင့်၎င်း၊ နောက်ဖြစ် လတံ့သော အမျိုးအနွှယ်နှင့်၎င်း၊ ၁ဝသင်တို့ထံမှာ အသက်ရှင်သော တိရစ္ဆာန်တည်းဟူသော၊ ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန် အပေါင်းတို့နှင့်၎င်း၊ ငါသည် ကိုယ်တိုင် ပဋိညာဉ် ပြု၏။ ၁၁သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက် တဖန် မဆုံးရကြ။ မြေကြီးကိုဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၂ထိုမှတပါး၊ ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တဘက်၌၊ သားမြေး အစဉ်အဆက် မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေ ဟူမူကား၊ ၁၃ငါ၏သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ ၁၄ငါသည် မိုဃ်းကိုအုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့် မည်။ ၁၅ထိုအခါ ငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆြွန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ပဋိညာဉ် ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၆မိုဃ်းတိမ် ၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါ တိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။ ၁၇ဤသည်ကား၊ ငါနှင့်မြေကြီး ပေါ်မှာရှိသော သတ္တဝါ အပေါင်းတို့၏ စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင် မိန့်တော်မူ၏။
၁၈သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။ ၁၉ဤသူတို့သည် နောဧ၏ သားသုံးယောက်ဖြစ်၍၊ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။
၂ဝနောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ ၂၁စပျစ်ရည်ကိုလည်း သောက်၍ ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။ ၂၂ခါနာန်၏အဘဟာမသည်၊ မိမိအဘ၌ အဝတ်အချည်း စည်းရှိသည်ကို မြင်လျှင်၊ ပြင်မှာရှိသော အစ်ကိုနှစ်ယောကို ပြောလေ၏။ ၂၃ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့ မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်းရှိသည်ကို မမြင်ရ။ ၂၄နောဧသည် ယစ်မူးခြင်း ပျောက်၍ နိုးသောအခါ၊ မိမိ၌ သားငယ်ပြုသည်ကို သိလျှင်၊ ၂၅ခါနာန်သည် ကျိန်ခြင်းကိုခံပါစေ။ အစ်ကိုတို့၏ ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။ ၂၆တဖန် ရှေမ၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။ ၂၇ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲတို့တွင် နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
၂၈နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ် အသက်ရှင်၍၊ ၂၉အသက်ပေါင်း ကိုးရာကိုးဆယ် စေ့သော် အနိစ္စရောက်လေ၏။